Heart-shaped box
Heart-shaped box
လနှစ်စင်းလင်းနေတဲ့ ကောင်းကင်ရှိတဲ့ ကမ္ဘာကနေကနေ ပြန်ထွက်ဖို့အတွက် ရက်ပေါင်း ၃၆၅ ရက် ကြာခဲ့တယ်တဲ့
လကို ပြောင်းပြန်မြင်ရတဲ့ တိုင်းပြည်ကနေ ပြန် ပြေးထွက်ရဖို့ဆို ဘယ်လောက်ကြာမလဲဆရာလို့ မေးတော့
အချိန်ကာလတခုကို ပြန်သွားဖို့ အတွက် ဆေး မရှိကြောင်း ဆရာဝန်ကပြောတယ်
ဆေး အစား အသည်းပုံသဏ္ဏာန် ဘူးအခွံတခု ပေးလိုက်တယ်
ဆေးအညွှန်းမရှိတော့ ငါက အသည်းပုံသဏ္ဍာန်ဘူးထဲမှာ ခံစားမှု မျိုးစုံ ထည့်ကြည့်တယ် နာကျင်မှု ဆုံးရှုံးမှု ကျရှုံးမှု.. စသဖြင့်
အမေသာဆိုရင် အပ်ချည်လုံးနဲ့ အပ်ဘူးထည့်ပစ်မှာပဲလို့ တွေးမိတယ်
ပြီးတော့ အိမ်လွမ်းဆွေးမှုကို ထည့်လိုက်တယ်
လူတွေဟာ ပျော်ရွှင်နေရင် ကဗျာဆရာ ဖြစ်မလာဘူးလို့ ငါပြောခဲ့တုန်းက ငါပျော်နေလား
ကဗျာဆရာတွေတွေ့ရင် ဘာအကြောင်းများ ပြောကြလဲ မပျော်ရွှင်စရာ အကြောင်းတွေ ပြောကြမှာပေါ့
မပျော်ရွှင်မှုကို ဘူးထဲ ထည့်ကြည့်တယ်
မြူဆိုတဲ့ ခွေးစုတ်ဖွား လေး သေသွားတော့ နောက်ထပ် အရောင်တူ ပုံစံတူ ခွေးစုတ်ဖွားလေးတကောင် ထပ်မွေးပြီး မြူလို့ပဲ နာမည်ပေးထားတဲ့ သခင်
ငါက သေသွားတဲ့ မြူ၊ မြူလို့ ခေါ်နေပေမယ့် သူတို့ ခေါ်နေတဲ့ မြူဟာ ငါ မှ မဟုတ်ပဲ
မနာလိုဝန်တိုမှုကို ဘူးထဲ ထည့်လိုက်တယ်
အသက်ရှုနေသေးရင်ဖြင့် တစုံတယောက်ကြောင့် သွေးထွက်သံယိုနာကျင်နေတတ်သေးရင်ဖြင့် တစုံတယောက်ကို ချစ်ခင်စုံမက်နေသေးရင်ဖြင့် မင်းသိပ်ကံကောင်းတာပဲတဲ့
တချို့တွေကျ အသက်ရှူနေတဲ့ အဆုတ်တွေကို အေးခဲနေတဲ့ နှင်းပြင်ထဲကို ပစ်ချ တဒိတ်ဒိတ်ခုန်နေတဲ့ အသည်းနှလုံးတွေကို အပျော်သဘော မီးပုံရှို့လိုက်ကြ
နာကျည်းမုန်းတီးမှုကို ထည့်စရာ ငါ့ရဲ့ အသည်းပုံသဏ္ဏာန် ဘူးထဲမှာ နေရာအလွတ် မရှိတော့ဘူး
အမြဲထာဝရလွမ်းဆွတ်မှုကိုကျ အံဝင်ခွင်ကျ ထည့်လို့ ရပြန်ရော
