Love grows where my Rosemary goes
Love grows where my Rosemary goes
မင်းဆီလာရာလမ်းမှာ ကိုယ်ငေးကြည့်စရာ သက်တန့်တွေ ရှိနေလို့ နှစ်ခြိုက်ခဲ့ပေမယ့် စူပါ ဟိုက်ဝေးလမ်းမကြီးတွေကို ကိုယ် ဘယ်လောက် မုန်းတီးတာ ကိုယ်ပဲသိနိုင်တယ် အချစ်ရယ်
အနားမှာဘယ်သူမှ မရှိမှာကို ကိုယ် အမြဲ စိုးထိတ်မိခဲ့လို့ မဟုတ်ပဲ Love grows where my Rosemary goes ဆိုတဲ့ သီချင်းစာသားကြောင့် ကိုယ်မင်းဆီ ပြန်လာခဲ့တာပဲဖြစ်တယ်
မိန်းမတွေရဲ့ ခေါင်းစည်းကြိုးကွင်းတွေ
ယောကျာ်းတွေရဲ့ plectrum တွေ
ကိုယ့်တူလေးရဲ့ lego အပိုင်းအစတွေ
မင်းရဲ့ အချစ်ကလေး ကိုယ်
ဟောဒီလောကရဲ့ ပျောက်ဆုံးဖို့သက်သက်ဖန်တီးလာရတဲ့အရာတွေ ဆိုတာ ရှိတယ် အချစ်ရဲ့
ခေါင်းစည်းကြိုးဆို အနီရောင်လေး
ဖန်ခွက်ဆို အဝါရောင်လေး
ပုဇွန်ဆီရောင် ကောင်းကင်ကြီး
မင်း မျက်ဝန်းညိုညိုလေး
ကိုယ်ကလွဲပြီး တလောကလုံးကို အရောင်တွေ ရှိစေချင်မိတာ ကိုယ့်ရဲ့လိုအင်လောဘတွေ ဖြစ်တယ်
စက်ပစ္စည်းတွေနဲ့ စက်ရုပ်ညဏ်ပညာဟာလည်း ကိုယ့်လိုပဲ တစုံတယောက်ရဲ့ အာရုံစိုက်ခံရမှုကို လိုလိုလားလား တောင်းခံနေသေးတယ်။
မီးပွိုင့်ရောက်လို့ ဘယ်ချိုးချိုး ညာချိုးချိုး ကိုယ်တို့ဟာ ကိုယ့်ဘဝကိုယ် မပိုင်နိုင်တော့တာက ဘယ်နိုင်ငံရောက်ရောက် တူတူပဲ ဖြစ်တယ်
ဒီနေ့မနက်ပဲ ကိုယ်ငေးငေးမောမောတွေးနေမိတာ
တစုံတယောက်ရဲ့ တတိယမိန်းမ ဖြစ်ချင်မိကြောင်း
မနက်ဖြန်ပဲ အသက်လေးဆယ် ပြည့်ချင်မိကြောင်း
ကိုယ့်အသုဘကို အဝါရောင် နှင်းဆီပန်းတွေရယ်
ကိုယ့်ရဲ့ ငြိမ်သက်နေတဲ့ ခန္ဓာကိုယ်ကို ငေးကြည့်နေတဲ့ မင်းရယ် ရှိစေချင်မိကြောင်း
တံစက်မြိတ်ပေါ်ကျတဲ့ မိုးရေတွေကနေ ပါးပေါ်က မျက်ရည်တွေ ရောယှက်သွားတဲ့အခါ ကိုယ်တို့တွေ တယောက်ကို တယောက် အပြီးတိုင် မေ့နိုင်ပြီ ဖြစ်တယ်