တခြားဘဝတွေထဲ ဝင်ရောက် ပျောက်ကွယ်သွားလို့များ ရရင်လေ
တယောက်စကား တယောက်နားလည်တဲ့ လူတွေအချင်းချင်း သေနတ်နဲ့ပစ်နေရတဲ့ တိုင်းပြည်မှာ ငါမွေးဖွားတယ်။
တိမ်တွေကင်းစင်တဲ့တနေ့ စာသင်ကျောင်းကို ငါသွားတယ်။ နိုင်ငံတော်အလံ အလေးပြုနေတုန်း ကောင်းကင်ကြီး ညိုမည်းလာလို့ ကျောင်းဆက်မတက်ရတဲ့ ခေတ်မှာ ငါကြီးပြင်းတယ်။
အိမ်စာမလုပ်လာလို့ ဆရာမ ရိုက်တဲ့ ထမင်းလုံးတစ္ဆေအိပ်မက်တွေအစား ငါ့ဆရာမ မရှိတော့တဲ့ ငါ့အတန်းဖော်တွေမရှိတော့တဲ့ ငါတို့စာသင်ကျောင်းမရှိတော့တဲ့ အိပ်မက်တွေပဲ ဆက်တိုက်မက်နေတယ်
တခြားဘဝတွေထဲ ဝင်ရောက် ပျောက်ကွယ်သွားလို့များ ရရင်လေ လေယာဉ်ပျံကြီး လို့ ပျော်ပျော်ကြီးပြောပြီး ကောင်းကင်ကို လက်ညိုးထိုးခွင့်ရတဲ့ အရပ်မှာ ငါကြီးပြင်းမှာ။တခြားဘဝတွေထဲ ဝင်ရောက် ပျောက်ကွယ်သွားလို့များ ရရင်လေ
တိမ်တွေကင်းစင်တဲ့တနေ့ ငါ့ကျောင်းလွယ်အိတ်ကိုလွယ် ကျောင်းဝင်းထဲမှာ
ငါ့အတန်းဖော်တွေနဲ့ ဖြတ်ပြေးဆော့နေမှာ။
တခြားဘဝတွေထဲ ဝင်ရောက် ပျောက်ကွယ်သွားလို့များ ရရင်လေ
ငါ့ဆရာမရဲ့ ပြေးပြေး ဆိုတဲ့ အသံပဲ
ငါ့နားထဲထပ်တလဲလဲ မကြားနေတဲ့ ဘဝမှာ ငါ ပြန်မွေးဖွားမှာ။
Comments
Post a Comment