စံပယ်

 (အိမ် သို့မဟုတ် ဘဝ ဆိုတဲ့ စကားလုံး အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ အငြင်းပွါးစရာ တအားကောင်းပေမယ့်)


တချို့သာမန်မနက်ခင်းတခုမှာပေါ့ ငါ့အနီးအနားသူငယ်ချင်းက မြို့မငြိမ်းရဲ့ မန်းတောင်ရိပ်ခို သံစဉ် အစကို စံပယ်တကုံးနဲ့ သီဆိုနေခဲ့တယ်

ဘဝအသစ်ဆိုတာကလည်း ထင်ယောင်ထင်မှားမှုပါပဲလို့ ရေရွတ်နေရင်းနဲ့ပေါ့


တခါတလေ ကောင်းကင် ပြာပြာကြီးနဲ့ နေပြင်းပြင်း ပူတဲ့နေ့တွေဆို အိမ်အဟောင်းထဲ ပြန်ရောက်သွားသလိုပဲ အိမ်အဟောင်းကလည်း ပန်းစံပယ်ရနံ့လေး သင်းပျံနေတဲ့ ခန္ဓာအဟောင်းလိုပဲ 


တဘဝထဲမှာပဲ ငါကိုယ်တိုင်လည်း တဘဝပြီးတဘဝ ပြောင်းနေရ

ငါ့အနီးအနားကသူတွေလည်း တဘဝပြီး တဘဝ ပြောင်းနေရ

အရာအားလုံးကို ကြိုပြီး စံပယ်ပန်းကုံးတွေနဲ့ ကြိုဆိုနေရ


တချို့ မျက်လုံးတွေက  အပြာရောင်

တချို့မျက်လုံးတွေက ကြင်နာခြင်းအရောင်

မဲလုံးဆိုတဲ့ တကိုယ်လုံး မည်းနေတဲ့ကြောင်လေးမှာကျ ရွှေအိုရောင် မျက်လုံးတွေ ပိုင်ဆိုင်သလိုပေါ့


တခါတလေကျ မဲလုံးဟာ ကြောင်မဖြစ်နိုင်ဘူး နိုင်ငံတော်အဆင့် လျှို့ဝှက်သူလျှိုပဲ ဖြစ်ရမယ်လို့ 

ငါ တထစ်ချ ယုံကြည်နေသလိုမျိုး 


ဘာမဆို AI ကိုလှမ်းမေး ချင်ပေမယ့်

ကဗျာကိုတော့ ChatGPT နဲ့ မရွတ်ချင်

ကဗျာကိုတော့ ChatGPT နဲ့ မရေးချင်


တယောက်ယောက်ကများ ကိုယ့်နာမည် အပြည့်အစုံကို အနီရောင်မှင်နဲ့ ရေးခဲ့လို့လားမသိ


စံပယ်တွေဆီက ငါ့သူငယ်ချင်းလည်း လွတ်မြောက်ခဲ့မှာမဟုတ်

စံပယ်တွေဆီက မြို့မငြိမ်းလည်း လွတ်မြောက်ခဲ့မှာမဟုတ်

စံပယ်တွေဆီက ငါတို့ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ် 


To Myo Ma Nyein, Sylvia Plath and my friend JD...


Comments