မျောက်လက်

 


မျောက်လက်
(၁)
ပုံပြင်ကို မှတ်မိသလောက်ပြောရရင် ပုံပြင်ထဲမှာ မီးရထားသံလမ်းနဲ့နီးတဲ့ တဲအိမ်တအိမ်မှာ နေတဲ့မိသားစုသုံးယောက်ရှိတယ်။ အဖေရယ် အမေရယ် သားရယ်ပေါ့။ အဖေနဲ့သားက စက်ရုံတရုံမှာ အလုပ်လုပ်တယ်။ တနေ့မှာ အဖေ့လုပ်သူရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတယောက်က စိတ်ဓာတ်အကြီးအကျယ်ကျကာ သူတို့အိမ်ကို အလည်လာတယ်။ ထူးခြားတာက သူက မျောက်တကောင်ရဲ့လက်လိုမျိုး အရာကြောင့် သူဘဝပျက်ခဲ့ရကြောင်းပြောပြီး ဒီမျောက်လက်ဆိုတာကြီးကို ထုတ်ပြပြီး ဖျက်စီးပစ်ပေးဖို့ပြောတယ်။ အကြောင်းရင်းကို မေးကြည့်တော့ အဲဒီမျောက်လက်က ဆုသုံးခုတောင်းခွင့်ရှိပြီး ဆုတွေက အမှန်တကယ်ပြည့်ပေမယ့် မကောင်းတဲ့ ဆိုးဝါးလွန်းတဲ့နည်းတွေနဲ့ ပြည့်တာဖြစ်ကြောင်း ဖျက်စီးပစ်သင့်ကြောင်း ပြောပြတယ်။ ဒါပေမယ့်လည်း သားဖြစ်တဲ့သူဟာ မဖျက်စီးပစ်ပဲ ဧည့်သည် မသိအောင် သိမ်းထားလိုက်တယ်။ ပြီးတော့ အဲဒီည ဧည့်သည်ပြန်သွားတဲ့နောက် မျောက်လက်ကိုယူပြီး ပိုက်ဆံတွေ အများကြီးဝင်ပါစေလို့ ဆုတောင်းလိုက်တယ်။ အဲ့အချိန်မှာ မျောက်လက်က အနီးအပါးကို ခုန်ထွက်သွားတယ်။ ဒါပေမဲ့ ဘာပိုက်ဆံမှာလည်း မရောက်လာတော့ သားဖြစ်သူဟာ အလကား အရုပ်ကြီးပါဟု စိတ်ထဲတွေးကာ မေ့မေ့ပျောက်ပျောက်နဲ့ နေလိုက်တယ်။ နောက်တနေ့ညနေ နေဝင်ရီရောမှာတော့ အမေဖြစ်သူ မီးဖိုချောင်ထဲ ထမင်းချက်နေချိန် အိမ်တံခါးခေါက်သံကြားလို့ ဖွင့်ကြည့်တဲ့အခါ ယောကျ်ားလုပ်သူရယ် စက်ရုံက လူကြီးသူကြီးတွေရယ် စုရောက်လာပြီး စက်ရုံရဲ့စက်ပစ္စည်းတခုထဲ ညှပ်ကာ သားလုပ်သူ ရုပ်ပျက်ဆင်းပျက် သေဆုံးသွားလို့ လျော်ကြေးငွေများ လာပေးကြောင်း‌ ပြောဆိုကြတယ်။ စက်ရုံကလူကြီးတွေ ပြန်သွားတဲ့အခါမှာ မိခင်ဖြစ်သူက ယူကြုံးမရ ငိုကြွေးရင်း မျောက်လက်ကြောင့် သူ့သားသေတာ ဖြစ်ရမယ်လို့ တွေးမိပြီး မျောက်လက်နဲ့ပဲ သားပြန်အသက်ရှင်လာပါစေ လို့ ဆုတောင်းလိုက်တယ်။ ထုံးစံတိုင်း မျောက်လက်ကလည်း ခုန်ထွက်သွားတယ်။ ပုံပြင်အရ အဲဒီနေ့ညမှာတော့ မိုးတွေ သည်းထန်စွာ ရွာပြီး လေပြင်းမုန်တိုင်းတွေ ကျတယ်။ ညသန်းခေါင်အချိန်လောက်ရောက်တဲ့အခါ မုန်တိုင်းနဲ့ မိုးသည်းသည်းကြားမှာ အိမ်အပြင်ဘက်က အိမ်တံခါးခေါက်သံ တခုကို ပီပီသသကြားလိုက်ရတယ်။ မိခင်ဖြစ်တဲ့သူဟာ ဒါ သူ့သားပဲဖြစ်ရမယ် ဆိုပြီး တံခါးဖွင့်ဖို့ ဟန်ပြင်သတဲ့။ အဖေလုပ်တဲ့သူကတော့ ဒီလိုမုန်တိုင်းကြားမှာ လူသူအလည်အပတ်လာနိုင်မှာ မဟုတ်ဖူးဟု တွေးမိပြီး ချက်ချင်း မျောက်လက်ကို ကိုင်ပြီး သားဖြစ်သူ အသက်ပြန်ရှင်မလာဖို့ အမြန် ဆုတောင်းလိုက်တယ်။ မျောက်လက်ကလည်း တတိယကြိမ်မြောက်ခုန်ထွက်သွားတယ်။ မိခင်ဖြစ်သူ တံခါးသွားဖွင့်ကြည့်တဲ့အခါမှာတော့ လေတွေတဖြူးဖြူးတိုက်ခတ်ကာ မိုးတဖွဲဖွဲရွာနေတဲ့ မီးရထားသံလမ်း အိမ်အပြင်ဘက်မြင်ကွင်းပဲ မြင်ရတယ်တဲ့။ နောက်ပိုင်းနားကတော့ နှစ်မျိုးသုံးမျိုး မှတ်မိနေတယ်။ ပထမတမျိုးက မျောက်လက်ကို မီးဖိုထဲ ထည့်ဖျက်စီးလိုက်ပေမယ့် မီးမလောင်သွားဘူး။ ဒုတိယတမျိုးက တခြားမိသားစုတခု သို့ တခြားလူတယောက်ထံ လက်ဆင့်ကမ်းရောက်သွားတယ်။ ဒါမှမဟုတ် ပုံပြင်က အဲဒီအနားမှာပဲ အဆုံးသတ်သွားတာလည်း ဖြစ်နိုင်တယ်။
ဒါမှမဟုတ်လည်း အဆုံးသတ်သုံးမျိုးလုံးမဟုတ်ပဲ တောင်းခံချင်စရာ အာသီသ စိုစဉ်းလောက်တောင် မကျန်ရှိတော့တဲ့ လူတယောက်ဆီမှာ မျောက်လက်ဟာ နှစ်ပေါင်းများစွာကြာအောင် သောင်တင် ရောက်ရှိနေခဲ့တာမျိုးပေါ့။

Comments