စိတ်ခံစားမှုတွေဟာ ရွေးချယ်မှုပဲလို့
စိတ်ခံစားမှုတွေဟာ ရွေးချယ်မှုပဲလို့
ပြောတဲ့သူတွေဟာ တစ်စုံတစ်ခုကို မက်မက်မောမော
မစွဲလမ်းဖူးလို့ပဲ နေမယ် ကိုယ်ဖြင့် လက်မခံနိုင်ပါဘူး။
သူတို့တတွေဟာ ဝေလငါးတွေ ငိုတာ
ပျံလွှားငှက်တွေ အိပ်ငိုက်တတ်တာကို
မမြင်ဖူး မကြားဖူးလို့ပဲနေမယ်
ကိုယ့်လက်ခုပ်ထဲက ရေတွေဟာ
ကိုယ်သွန်ချင်သွန် မှောက်ချင်မှောက်လို့ ရတယ်ဆိုတာလည်း
ကိုယ်ဖြင့် လက်မခံနိုင်ပါဘူး
အချစ်က နောက်နေ့ မနက်နိုးတော့ ကိုယ်တို့တွေ
ရှေ့ဆက်လို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့
စာအတိုအစလေး တခုပဲချန်ပြီး
တောင်စောင်းတစ်ခုထဲ ဝင်ရောက် ပျောက်ကွယ်သွားတယ်။
နောက်တကြိမ် ကိုယ်တို့ပြန်တွေ့တော့
အချစ်က ကိုယ်ကြည့်နေတဲ့ ရုပ်ရှင်ထဲက
မိုးတွေ အမြဲရွာတတ်တဲ့ မြို့လေးတစ်မြို့မှာ
အချစ်ချန်ထားခဲ့တဲ့ စာအတိုလေးကတော့
ပင်လယ်ထဲ မျောလာတဲ့ ပုလင်းတခုထဲမှာပေ့ါ
ကိုယ်ဖြင့် အဲ့တော့မှ ယုံကြည်တယ် ထင်ပါရဲ့
စိတ်ခံစားမှုတွေကို ပုလင်းထဲထည့် ပင်လယ်ထဲ
မျောပစ်လိုက်ရင် ဆန္ဒတွေ ပြည့်၀သွားတတ်တာပဲ
ဆန္ဒတစ် - ကိုယ် ယုံကြည်တာတွေ မယုံကြည်တာတွေကို
နားထောင်ပေးတတ်တဲ့ သူတယောက်
ဆန္ဒနှစ် - အိမ်မက် မမက်တဲ့ညတွေ
ဆန္ဒသုံး - အိမ်ပြန်ချင်တယ်
ဆန္ဒလေး - ခန္ဓာကိုယ်လှလှလေး
ဆန္ဒငါး - စကားကို ချိုချိုသာသာလေး ပြောတတ်ဖို့
စိတ်ခံစားမှုတွေဟာ ရွေးချယ်မှုပဲလို့
ပြောတဲ့သူတွေဟာ အချိန်တခုထဲမှာပဲ
ကိုယ်တို့ ဖြတ်သန်းစီးဆင်းနေလို့ ရတယ်ဆိုတာ
မယုံကြည်ကြလို့ပဲနေမယ်
လက်ဖက်ရည်ချို
Comments
Post a Comment