ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့် လူတစ်ယောက်ရဲ့ အပြုအမူ လုံး၀မဟုတ်ဘူးလို့ ကောက်ချက်ချတယ်
သူမဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဖြစ်နိုင်ပါဘူး။
သူမ မသေခင် နာရီပိုင်းအလိုလောက်မှာ အသုံးပြုထားတဲ့
မျက်နှာ Cleansing အရည်နဲ့ ဂွမ်းဖတ်တွေကို အမှိုက်ပုံးထဲမှာတွေ့တယ်။
ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့် လူတစ်ယောက်ရဲ့ အပြုအမူ လုံး၀မဟုတ်ဘူးလို့ ကောက်ချက်ချတယ်။
သူမက ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဖြစ်နိုင်ပါဘူး။
သူမ မသေခင် နံနက်ခင်းမှာ ပုံမှန်အတိုင်း ရုံးသွားတယ်။
သူမနဲ့ စကားပြောဖြစ်လိုက်တဲ့ လုပ်ကိုင်ဖော်ဘက်တွေ အဆိုအရ သူမက ဆံပင်ကို ကျစ်ဆံမြီး နှစ်ဖက် ခွဲကျစ်ထားတယ်။
တက်တက်ကြွကြွ မီတင်ခန်းထဲမှာ စကားတွေပြောခဲ့တယ်။
သေခါနီး လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင် လုံး၀ မပေါ်နေဘူးလို့ ယူဆနိုင်တယ်။
သူမက ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဖြစ်နိုင်ပါဘူး။
သူမ မသေခင် စက္ကန့်ပိုင်းအလိုက
သူမရဲ့ ရည်းစားဖြစ်သူကို ရုံးကနေ အိမ်ကို ချောချောမွေ့မွေ့ ပြန်ရောက်ကြောင်း
စာတိုပို့ထားတယ်။
စာအရ သမီးရည်းစားကိစ္စကြောင့် သတ်သေတာ မဟုတ်ကြောင်း
အတည်ပြုနိုင်တယ်။
သူမက ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဖြစ်နိုင်ပါဘူး။
သူမ ဧည့်ခန်းထဲက ပန်းအိုးထဲမှာ နှင်းဆီပန်း အဝါရောင်တွေ
အပြည့်ထိုးထားတယ်။
သတ်သေခါနီး လူတစ်ယောက် အဝါရောင်ပန်းတွေ ဝယ်ဖို့ဆိုတာ
ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။
သူမက ကိုယ့်ကိုယ်ကိုယ် သတ်သေတာ ဘယ်လိုနည်းနဲ့မှ
မဖြစ်နိုင်ပါဘူး။
Comments
Post a Comment