ဒုတိယအချစ်


ဒုတိယအချစ်

ဖြစ်နိုင်ရင် ဘဝဟောင်းတခုက
ပုပ်ပွနေတဲ့ ကိုယ်တို့ ရုပ် အလောင်းနှစ်ခုကို
ပြန်လှန်ကြည့်မယ်။
ရှိမှာပဲ ကျိန်းသေပေါက်
ကိုယ့်ပါးပြင်က မှဲ့နဲ့
မင်းလက်ဖျံက မှဲ့ကြားမှာ
နောက်ဆယ်ဘဝစာ တွေ့ဆုံကြုံကွဲခြင်းတွေ။
ဖြစ်နိုင်ရင်လေ
မီးခိုးရောင် အခိုးအငွေ့တွေကြားမှာ
ကိုယ်တို့ရဲ့ ခန္ဓာကိုယ်တွေကို အပိုင်းပိုင်းဖြတ်ပြီး
ကာထား ဆီးထား ဖွက်ထား ချင်မိတယ်။
ဒါလည်းပဲ အခိုက်အတန့် မဟုတ်လား လို့ မတွေးချင်လိုက်တာ
ကိုယ့်လက်ခုပ်ထဲက စက္ကန့်ဝက်စာ ကြေကွဲပျက်ကျခြင်းတွေ။
တကယ်သာ ဖြစ်နိုင်ရင်တော့
မင်းအပြုံးနဲ့ အရပ်မျက်နှာအချို့က မျက်လုံးတွေကြားမှာ
အသက်ရှုမရတဲ့ အိပ်မက်ဆိုးတွေ
တခါမှ မမက်ခဲ့ဖူးသယောင် ဆောင်ကြမယ်။
ကိုယ်တို့ရဲ့ ညနေစောင်း အိပ်မက်တွေကို
အစကနေ ပြန်မက်ကြမယ်။
အချစ်ဟာ ဆောင်းတွင်းအိပ်မက်ပါလို့
ကိုယ်တို့တွေ မျက်စိစုံမှိတ်ယုံကြည်ကြမယ်။
ဒီလောက်ဆို နွေဦးမှာ ပန်းတွေ ဝေနေအောင် ပွင့်လောက်ပြီ မဟုတ်လား။

(Dec26/19)

Comments