နွေဦး ၃
သိပ် ရယ်ရတာပဲ
ငါ့ကို မနာကျင်စေတဲ့
သဘာဝကို ငါမတွယ်တာဘူး။
နာကျင်တတ်တဲ့ လူတွေ ခံစားချက်တွေ အပေါ်ကျ တော့ ငါက သိပ်တွယ်တာ တာ …
ဒီရက်ပိုင်း နင့်စကားသံတွေ ကြားချင်မိတယ်။
ရယ်သံတွေကို လွမ်းတယ်။
နင့်ရယ်သံရော ငါ့ရယ်သံရော
ငါတို့ရယ်သံတွေ ရောသွားတဲ့အခါ အရေးမပါတော့တဲ့ ပတ်ဝန်းကျင်တခုကိုရော...
နင် ပြောဖူးတဲ့ စကားလေးတခွန်းလေ...
မျှော်လင့်ချက်တွေကပဲ ငါ့ကို ထိခိုက်နာကျင်စေမှာ ဆိုလား..
တကယ် သိလား.... နင်ပြောတာမှန်တယ်
ဘာမဟုတ်တဲ့ အကြောင်းအရာတွေက အစ
တခုခုဆို နင့်ဆီပြေးပြောချင်တဲ့ စိတ်ကလည်း ရှိနေတုန်းပဲ
ဒီရက်ပိုင်း အိပ်မက်တွေ မကောင်းဘူး။
အသည်းတခြမ်း နဲ့ အသက်ရှင်နေတာကြာပြီလို့ ပြောတဲ့ ကိုယ်တပိုင်းပြတ်နေတဲ့ မိန်းမ တယောက်ကို အိပ်မက်မက်တယ်။
သူက သူ့ကိုရေမြောင်းထဲက ကယ်ပါတဲ့။
ငါ ထွက်ပြေးတာပေါ့ဟ။
အိပ်မက်ဆိုတာ ညဘက်ပဲ မက်သင့်တာ
နေ့ဘက်ပါ မက်ရင် ဆိုးကျိုးတွေ သိပ်များတာ
ငါအရင်က မသိခဲ့ဘူး
ငါအရင်က မသိတာတွေ အရမ်းများတာပဲ။
လွမ်းစရာရှိရင် နာစရာနဲ့ ဖြေပါ။
ငါ ဒီစကားပြောရင် နင်က လောဂျစ်အမှားကြီးဆိုပြီး အထောက်အထားတွေနဲ့ ငြင်းတော့မှာပဲ
ဘာကို နာရမယ်မှန်းလည်း ငါမသိပါဘူး။
အခုနေ ငါ့ပုံစံကို တွေ့ရင် နင်အံ့သြမလားပဲ
ဆံပင်တွေ မရှည်တော့ဘူး
အရင်လို အပြုံးတွေလည်း အသက်မဝင်တော့ဘူး။
အပြောင်းအလဲတွေထဲမှာ အရိုးစွဲနေတဲ့ ငါ့အကျင့်တွေတော့ ဘယ်ပါမလဲ။
နင့်အကြောင်းတွေ ငါ့ဘေးနားကလူတချို့ကို တိုက်ဆိုင်ရင် ပြောဖြစ်သေးတယ်။
အရင်လို ခေါင်းမာဆဲ။
ခံစားချက်တွေကို အလိုလိုက်ဆဲ။
ဘယ်သူကမှ ဘယ်သူ့ကိုမှ မကယ်နိုင်တဲ့ ကမ္ဘာထဲမှာ ငါတို့နေ နေတာ။
ဘယ်တော့မှ ထွက်ပြေးလို့ မလွတ်မြောက်နိုင်တဲ့ အရိပ်တခုအောက်မှာ ငါတို့တွေ ရှိနေခဲ့ကြတာ။
နင် အရင်သိနေရက်နဲ့ ငါ့ကိုကြိုမပြောဘူး
နင်ပြောလည်း ငါကလက်ခံမှာမှ မဟုတ်ပဲ။
ငါတို့ကို နီးစေခဲ့တဲ့ အကြောင်းအရာတွေကပဲ ငါတို့ကို ပြန်လည်ဝေးကွာစေခဲ့တာ...
ငါ့မှာ နင့်ကို ပေးစရာတခုခု မရှိတော့တဲ့အခါ
ငါ့မှာရှိတဲ့ တစုံတခုကိုလည်း နင့်ကို မပေးချင်တော့အခါ
မုန်းလိုက်တာဟာ
ငါ လူတွေကို မမုန်းဘူး
နင့်ကိုလည်း မမုန်းဘူး
သူ့ကိုလည်း မမုန်းဘူး
အခြေအနေတွေကိုပဲ မုန်းတာ
နင်နဲ့ငါကြားက အခြေအနေလိုမျိုး ခပ်ဆင်ဆင် အခြေအနေတွေ
အရမ်းအားထုတ်ရတယ်လို့ ထင်တဲ့ အလုပ်တွေ မလုပ်ချင်တော့ဘူး
တယောက်ယောက်ကို ချစ်ရတာတို့ လွမ်းရတာတို့ မေ့ဖို့ကြိုးစားရတာတို့
ခံစားချက်တွေဟာ အရေးမပါဟန် နေပြရတာတို့
ကဗျာတပုဒ်ကို အဆုံးသတ်ရတာတို့.....
